Tuesday, January 5, 2010

လမ်းဘေး ဘာသာစကား ကဗျာ

ကျွန်တော်တို့ဆီမှာတော့
သွားကြားထိုးတံကို ရှာဖွေရေးလို့ ခေါ်ပါတယ်
ပိုက်ဆံမရှိတာကို ရေမလန်းဘူးလို့ သုံးပါတယ်
ပြသနာတက်နေရင် တိုင်ပတ်တယ်လို့ ပြောပါတယ်
ပြသနာရှာနေတဲ့လူကို အထုပ်လို့ ခေါ်ပါတယ်
ကလေကချေကိုစရိုက်လို့သုံးပြီး
အောက်စက်ကို ပစ္စည်းလို့သုံးပါတယ်
ကောင်မလေးချောချောမြင်ရင်
ဇယားလေးကမှည့်တယ်လို့ပြောပြီး
ကိုယ့်အိမ် ကိုယ် ပြန်အိပ်တဲ့အခါ
ကိုယ့်ဘိကိုယ် ပြန်ကျိုးတယ်လို့ သုံးစွဲပါတယ်
သူငယ်ချင်းကိုသားကြီးလို့ သုံးနှုန်းတတ်ပါတယ်
ကျွန်တော်တို့ဆီမှာတော့
ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ခုနစ်နှစ် အချိန်ယူရပါတယ်
ဝီစကီကောင်းကောင်း တစ်လုံး ရဖို့ အနှစ်နှစ်ဆယ်
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်
အချိန်ယူရပါတယ် အချိန်ပေးရပါတယ်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်ဖို့
အိပ်ရေး၀၀ အိပ်ထားဖို့လိုအပ်လို့
ကိုယ့်ဘိမှာကိုယ် အေးဆေး ကျိုးနေပါတယ် ။ ။
ကြည်ဇော်အေး
သရဖူ မဂ္ဂဇင်း ၊ ဖေဖော်ဝါရီလ ၊ ၂၀၀၉

No comments:

Post a Comment