Monday, January 11, 2010

ကျွန်တော်နဲ့ ကတိကဝတ်များ

ရော်ဝါရွက်တို့တွင်
ငါ့နာမည်ကားအခါခါထပ်နေ၏
ငါသည် လေနှင့်အတူ ကြွေလေပြီ။

စက္ကန့်လက်တံများနှင့်အတူ
တွဲခိုနေခဲ့သော စိတ်များကား
တဖျတ်ဖျတ်ခတ်လျက်
အို မိတ်ဆွေများ
သင်တို့လာခဲ့သလိုကား
ငါလည်းလာခဲ့သည်
မှန်၏
သို့သော်
သင်တို့ပြန်သလိုတော့
ငါမပြန်လို
ငါ့ကို ယုံကြည်ကိုးစားမှုနည်းသူဟု
သင်တို့ဆိုလိုကဆို။

လောကရဲ့ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး
ငိုချင်ရာငိုခွင့်ရသောအရွယ် မဟုတ်တော့
ကိုယ်တတ်နိုင်တာလေးနဲ့တင်
မီးလောင်နေလည်း တယောထိုးနေနိုင်ပါရဲ့

နွမ်းကြေခဲ့သော ငယ်ဘဝ ငါ့နွေရက်များတွင်
ငါ့ဓါးသွားများ မထက်မြကြ
ငါ့သွေးများ မရဲကြ
ငါ့စကားများလည်း မစူးရှကြပါ
ငါ့အသက်ဓါတ်များ အင်အားကြီးမားကြသောကြောင့်
လွယ်လွယ်နှင့် ငါ့ကို စွန်ခွာမသွားခဲ့
သို့နှင့် ငါလည်း ပင်ပန်းဆင်းရဲစွာ

ငါ့လက်ဖဝါးမှာ ဓါးလည်းရှိသည်
ငါ့လက်ဖဝါးမှာ ပန်းများလည်းပွင့်သည်
ငါ့လက်ဖဝါးက ဆောင်းတွင်းဖြစ်သလို
ငါ့လက်ဖဝါးက ရင့်သီးသော နွေလေပူလည်းဖြစ်သည်

တစ်ခုသော ညကာလတွင်
လမင်းသည် ငါ့အဖို့ရာ အေးမြဖူးသည်
ငါတမ်းတပါ၏ချစ်သူ
လမ်းများပျောက်ဆုံးသောအခါ
လူဟာ နားခိုရာ ဒါမှမဟုတ် အလင်းရောင်ကို
တမ်းတမြဲ ဖြစ်ပါ၏

မြေပုံသည် လမ်းကိုညွှန်းသော်လည်း
ခရီးသည်က မျက်ကန်းဖြစ်သည်
ခေါင်းလောင်းသံများ ဆူဝေစွာ အချက်ပေးကြသော်လည်း
ငါ့နားများက လေဟာနယ်ထဲ ရောက်နေ၏
ငါ့အိပ်မက်များကား သုံးဆယ့်တစ်

လမ်းများမဆုံးနိုင်သောအခါ
မျှော်လွန်းသော မျက်လုံးများ ပြာဝေလာတတ်သည်
မိတ်ဆွေများ
ကျွန်တော်ခေါင်းငုံ့နေသည်ကို
ရင်မဆိုင်ဝံ့သောကြောင့်ဟု
သင်တို့ ထင်မြင်နေခဲ့ပါသလား

နေသည်
အရှေ့မှထွက်ပြီး အနောက်သို့ဝင်ခဲ့သည်
ကျွန်တော်တို့က
ထိုနေကိုကြည့်ပြီး အချိန်ကိုသတ်မှတ်သည်
ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ
သူများကို ဂရုတစိုက်လုပ်သူများတွင်
လူသည် အဆိုးဝါးဆုံး သတ္တဝါတစ်မျိုးပင်ဖြစ်သည်ဟု
ကျွန်ုပ်ဆိုခဲ့လျှင်
သင်တို့အားလုံးလည်း ငြင်းမည်မဟုတ်။


လင်းဆက်
အိုင်ဒီယာမဂ္ဂဇင်း (နိုဝင်ဘာ)

No comments:

Post a Comment