Monday, January 11, 2010

အမျိုးသားမှတ်ပုံတင်ပျောက်ဆုံးခြင်း

ကျွန်တော့်ညီက ပြောတယ်၊ သူ့မှတ်ပုံတင်ပျောက်သွားတယ်၊ ကိုယ့်ကို’ကိုယ်’ ဖြစ်ကြောင်း
ပြဠာန်းထားတဲ့ အရာကိုတောင် ပျောက်ပျက်ရတယ်လို့၊ သူ့ပေါ့ဆမှုကြောင့်လား၊ ဒါမှမဟုတ်
သူကိုယ်တိုင် ဖျောက်ဖျက်ပစ်ခဲ့တာလား၊ ဘယ်အချိန်လောက်ကတည်းက ပျောက်ဆုံးခဲ့တာလဲ၊ အဲဒါကတော့ လျှို့ဝှက်စွာပျောက်ဆုံးနေပြီဗျတဲ့ သူ့ရဲ့ထင်ရှားသည့်အမှတ်အသားပါဝင်တဲ့ သက်သေခံအရာဝတ္တုလေ၊ အဲဒါကို သူ့မိသားစုဝင်တွေကို ထုတ်ပြောတော့ အဖေက ငါမသိဘူးတဲ့၊
ဒီမှာ ငါ့စာရွက်စာတမ်းတွေနဲ့ငါတောင် ဟိုပျောက်ဒီပျောက် ဖြစ်နေတာတဲ့၊ မင်းတို့လည်း
အရွယ်ရောက်ပြီ၊ ကိုယ့်ကိုကိုယ်ထိန်းသိမ်းတတ်သင့်ပြီတဲ့၊ ကျွန်တော့်ညီက ပြန်ပြောတယ်၊
အစက အဲဒါအဖေထိန်းသိမ်းခဲ့တာပဲ၊ အဖေ့လက်ထဲ နောက်ဆုံးအပ်ခဲ့တာပဲ၊ အေး ဒါပေမယ့်
အခု ငါလည်းအသက်ကြီးပြီ၊ ငါ့အမှတ်အသားလည်း သိပ်မကောင်းတော့ဘူး၊ တစ်အိမ်လုံးက မင်းတို့ကိစ္စတွေကို တစ်ချိန်လုံးငါ့ခေါင်းထဲထည့်မထားနိုင်ဘူးကွတဲ့၊ ထုံးစံအတိုင်း ဗီရိုအဟောင်းတွေပါမကျန် နှိုက်ချွတ်ရှာဖွေပြီးတဲ့ ကျွန်တော့်အမေကတော့ အဲဒါများလားတဲ့၊
သူမလက်ထဲမှာ ကဒ်ပြားတစ်ခု(သို့)လူတစ်ယောက်ကို ထိုလူဖြစ်ကြောင်း အမှတ်အသားများနဲ့တကွ ထိုလူပုံနဲ့ ဓမ္မဓိဠာန်ကျကျတင်ပြထား(တယ်ထင်ရ)တဲ့အရာကို ကိုင်ထားရင်းမေးတယ်၊
ကျွန်တော့်ညီက တစ်ချက်ကြည့်ပြီး ကျွန်တော့်ဟာပဲ၊ ဒါပေမယ့်မဟုတ်ဘူးတဲ့၊ အခုပျောက်နေတာ ၁၈နှစ်ပြည့်ပြီးတဲ့ဟာတဲ့၊ ကျွန်တော့်အမေက ဘယ်လိုဘယ်လို ဒါလည်းသားပဲလေ၊ အခုသား သုံးလို့မရဘူးလားတဲ့၊ ကျွန်တော့်ညီက အသက်ကလွဲလို့ အကုန်အတူတူပါပဲတဲ့၊ ဒါပေမယ့် ဒီအသက်အရွယ်ကပဲ ဘာမှမတူတော့တာကို ပြနေတယ်ထင်တာပဲတဲ့၊ အဲဒီတုန်းက ထင်ရှားသည့် အမှတ်အသားတောင် အခု သိပ်မထင်ရှားတော့ဘူးတဲ့၊ အမေက ဓါတ်ပုံဆေးသားပျက်နေလို့လားတဲ့၊ အခုတွေ့ထားတာ ငယ်ငယ်တုန်းကဟာပဲလေ၊ သားပျောက်နေတာ ဘယ်တုန်းကဟာလဲတဲ့၊ ကျွန်တော့်ညီက နေပါဦးအမေရာ၊ အခုဟာက ကျွန်တော်အလုပ်လျှောက်ရာမှာ ပြရမှာတဲ့၊ ကျွန်တော့်ညီမ ကျွန်တော့်ညီရဲ့အစ်မက ငါ့တုန်းက ငါဘယ်သူဘယ်ဝါရဲ့သမီးလဲဆိုတာ အလုပ်ရှင်က သိနေလို့ အဲဒါမလိုအပ်ဘူးတဲ့၊ နင်လည်း ဘယ်သူဘယ်ဝါဆိုတာ ပြောပြလိုက်ပေါ့တဲ့၊
ကျွန်တော့်ညီက ကျွန်တော့်ကိုလည်း သိတော့သိကြတယ် ဒါပေမယ့် အခုဟာက မှတ်ပုံတင်နဲ့တကွ လျှောက်လွာတင်ရမှာတဲ့၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းက ပြန်လုပ်ယူလို့လွယ်တယ်တဲ့၊ အဲဒီလက်တစ်ဖ၀ါးစာကဒ်ပြားလေးက ဒီလိုညတွင်းချင်း မရဘူးတဲ့၊ ဟုတ်တော့လည်း ဟုတ်တယ်လေ၊ လူတစ်ယောက်/ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်တွေ ရှာဖွေစုစည်းရတာ လွယ်တော့ ဘယ်လွယ်မလဲ၊ အခု ကိုယ့်မိသားစု အချင်းချင်းတောင် ကျွန်တော့်ရဲ့ လက်ရှိသက်သေပြနိုင်တာကို ပြန်တွေ့အောင်မရှာနိုင်ကြတာပဲ၊ ဒါပေမယ့် ကြက်ခြေနီအဖွဲ့ဝင် ဖြစ်ချင်တာကျတော့ သူ့သူငယ်ချင်းဒေါ်လေးဆီသွားရုံပဲတဲ့၊ အဲဒါကျွန်တော်ဖြစ်ကြောင်း၊ အဲဒါကျွန်တော့်မိဘ၊ အဲဒါကျွန်တော့်အလုပ်အကိုင်၊ အဲဒါ ကျွန်တော့်ထင်ရှားသည့်အမှတ်အသား၊ အဲဒါ ကျွန်တော် ကိုးကွယ်သည့်ဘာသာဆိုတာ ကျွန်တော်သွားပြောရုံနဲ့ သူတို့အသိမှတ်ပြုလက်မှတ်ထိုးပေး လိုက်လို့မှ မရဘဲ၊ အဲဒီကိုယ့်ကို မှတ်ပုံတင်ရဖို့ဆိုတာ ခဲယဉ်းတယ်လေ၊ ကျွန်တော့်ညီမက ပလတ်စတစ်လောင်းဖို့ ပိုက်ဆံမရှိလို့လားတဲ့၊ မိတ္တူဖိုးမတတ်နိုင်လို့လားတဲ့၊ ကျွန်တော့်ညီက ဘယ်သူမှလည်း နားမလည်ကြပါလားတဲ့၊ ကျွန်တော်ဘယ်သူဘယ်ဝါဆိုတာ သူတို့က ကျွန်တော့်ကို အဲဒီကဒ်ပြားနဲ့ တူမတူ ယှဉ်ကြည့်ကြမှာ၊ အဲဒါမပါဘဲနဲ့တော့ ကျွန်တော့်အမာရွတ်ကိုထုတ်ပြ အဲဒါ ကျွန်တော်ပဲပေါ့လို့ ပြောရင်တောင် ဘယ်မှာမှ ၀င်ခွင့်ရမှာမဟုတ်ဘူးတဲ့၊ ကျွန်တော် ဒီနိုင်ငံသားဆိုတာလည်း စီစစ်သူတို့က လက်ခံကြတော့မှာ မဟုတ်ဘူးတဲ့၊ ကျွန်တော်တော့ ကျွန်တော်ဆိုတာကိုပြဖို့ ခက်ပြီ၊ အဲဒါ ဘယ်လောက်အရေးကြီးလဲတဲ့၊ ကျွန်တော်အမှန်တကယ် ပျောက်ဆုံးနေပြီဗျာတဲ့၊ အဖေက ဒါနဲ့ အိမ်ထောင်စုစာရင်းရော ဘယ်မှာလဲတဲ့၊ ကျွန်တော့်ညီက မသိတော့ဘူးအဖေရာ ကျွန်တော့်ပျောက်ဆုံး နေတာလေးသာ တွေ့ရင်ပြောကြပါတဲ့။ ။

မောင်ယုပိုင်
၂၀၀၈၊ ဒီဇင်ဘာ။

No comments:

Post a Comment