Friday, March 5, 2010

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့ (၈)

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့



အဲဒီခွက်ဟာ
အပူခံ အအေးခံ
အရသာလည်းမှန်တယ်။
မျက်စိတစ်ထောင် နားတစ်ထောင်
ဇင်ယော်တွေရဲ့ ဦးခေါင်းဟာ
ဆောင်းရောက်တော့မယ် ဆိုတာ
မိုးကျတော့မယ် ဆိုတာ
နေ့စဉ် မှန်မှန်ပြတယ်
တည့်မတ်ထားတဲ့ ဦးခေါင်း
အိပ်ပျော်သွားတဲ့ ပုံစံအဆင့်ဆင့်
ငါပြန်ရချင်တာ ဒီည
အခုခေါင်းချရမယ့် အရပ်မဟုတ်သလို
ပျံသန်းနေဆဲ ဦးခေါင်း
ပျက်ကျသွားပုံ ပုံသေကိုမြေဖြူနဲ့ တားပြီးရင်
အ၀တ်ဖြူနဲ့ထုပ်ယူသွားလို့ ရပါပြီလေ
ဘယ်အရာမဆို ဖောက်ခွဲဖို့ အချစ်သွေးကြွဆိုင်ကယ်
တကယ့်တကယ် ကယ်ယူထားတဲ့ မြို့အပြင်ထဲ
မနက်ဖန်ထဲ သွားသွားနေမိတာလည်း
မင်းကိုမတွေ့ချင်လို့ ဆိုချင်ဆို
၁၉ ရာစု ပါရီပုံစံ ပါရမီရှင် တောဘဲကြီး
နောက်ထပ် ဘာရေးနေသလဲဆိုရင်
မိသားစုကျဆုံးခန်း ကဗျာရှည်ကြီး ရေးနေသည်ဟု
ခပ်တည်တည် တည်ချင်တယ်
သူက လူတော်တော်များများ ကြယ်လုပြေး ကျော်မွှေး
ခေါင်းနဲ့နံရံလိုပေါ့
ဖိနပ်ဟာ တစ်ဖက်ထဲဆိုရင် ဘယ်အသုံးကျမှာလဲ
ငါဒဏ်ရာ ရခဲ့တဲ့နေရာ ငါပြန်လာရမှာပေါ့။ ။

(များများမြန်မြန် – စိုင်းဝင်းမြင့်၊ ကျော်မွှေး၊ ၂၀၀၈။)

Monday, January 11, 2010

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။


အိန္ဒြာ

၂၀၀၃ခုနှစ် သြဂုတ်လ၊မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)

စစ်ပွဲကို ခဏရပ်ပါ

`အို ဂျေရုရှလင်သားတို့
သင်တို့၏
ကလေးငယ်တို့အတွက်စိုးရိမ်ပူပန်လင့်ကုန်လော့´

ခရစ်တော်

ခဏလေးရပ်တန့်ကြည့်ပါ
အသက်ပေါင်းများစွာသက်သာရာရပါလိမ့်မယ်။
တုံ့ပြန်မယ်ဆိုတဲ့ ရန်ကြွေးက
နှလုံးသွေးတွေကိုဆူပွက်စေလိမ့်မယ်။
ကောင်းကင်မှာက မီးခိုးလုံး
မြေပြင်မှာက အပျက်အစီးပုံ
လေထုထဲမှာက သွေးညှီနံ့နဲ့
ယမ်းညော်နံ့
စစ်ပွဲဟာ ငရဲဘုံကို ဂါဇာအထိကိုလှမ်းခေါ်ရဲ့
စစ်ပွဲကိုခဏရပ်လိုက်ပါ…
အသက်ရှင်လျှက်လူတွေကိုအသက်ရှုဖို့အတွက်
စစ်ပွဲကိုခဏရပ်လိုက်ပါ
သေဆုံးခဲ့သူတွေအတွက်ငိုကြွေးဖို့အတွက်
စစ်ပွဲကို ခဏရပ်ပေးပါ
ကလေးငယ်လေးတွေကျောင်းပြန်တက်ဖို့
စစ်ပွဲကို ခဏရပ်ပေးပါ
သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာပို့ဖို့
စစ်ပွဲကို ခဏရပ်ပေးပါ
မိန်းမတွေကို ရွေ့ပြောင်းပေးဖို့
စစ်ပွဲကို အမြဲရပ်လိုက်ပါတော့
ဘာသာတရားပေါင်းစုံရဲ့
ငရဲဘုံတံခါးမကြီးတွေကိုပိတ်ပြစ်ဖို့အတွက်။

မိုးလှိုင်ည

အမျိုးသားမှတ်ပုံတင်ပျောက်ဆုံးခြင်း

ကျွန်တော့်ညီက ပြောတယ်၊ သူ့မှတ်ပုံတင်ပျောက်သွားတယ်၊ ကိုယ့်ကို’ကိုယ်’ ဖြစ်ကြောင်း
ပြဠာန်းထားတဲ့ အရာကိုတောင် ပျောက်ပျက်ရတယ်လို့၊ သူ့ပေါ့ဆမှုကြောင့်လား၊ ဒါမှမဟုတ်
သူကိုယ်တိုင် ဖျောက်ဖျက်ပစ်ခဲ့တာလား၊ ဘယ်အချိန်လောက်ကတည်းက ပျောက်ဆုံးခဲ့တာလဲ၊ အဲဒါကတော့ လျှို့ဝှက်စွာပျောက်ဆုံးနေပြီဗျတဲ့ သူ့ရဲ့ထင်ရှားသည့်အမှတ်အသားပါဝင်တဲ့ သက်သေခံအရာဝတ္တုလေ၊ အဲဒါကို သူ့မိသားစုဝင်တွေကို ထုတ်ပြောတော့ အဖေက ငါမသိဘူးတဲ့၊
ဒီမှာ ငါ့စာရွက်စာတမ်းတွေနဲ့ငါတောင် ဟိုပျောက်ဒီပျောက် ဖြစ်နေတာတဲ့၊ မင်းတို့လည်း
အရွယ်ရောက်ပြီ၊ ကိုယ့်ကိုကိုယ်ထိန်းသိမ်းတတ်သင့်ပြီတဲ့၊ ကျွန်တော့်ညီက ပြန်ပြောတယ်၊
အစက အဲဒါအဖေထိန်းသိမ်းခဲ့တာပဲ၊ အဖေ့လက်ထဲ နောက်ဆုံးအပ်ခဲ့တာပဲ၊ အေး ဒါပေမယ့်
အခု ငါလည်းအသက်ကြီးပြီ၊ ငါ့အမှတ်အသားလည်း သိပ်မကောင်းတော့ဘူး၊ တစ်အိမ်လုံးက မင်းတို့ကိစ္စတွေကို တစ်ချိန်လုံးငါ့ခေါင်းထဲထည့်မထားနိုင်ဘူးကွတဲ့၊ ထုံးစံအတိုင်း ဗီရိုအဟောင်းတွေပါမကျန် နှိုက်ချွတ်ရှာဖွေပြီးတဲ့ ကျွန်တော့်အမေကတော့ အဲဒါများလားတဲ့၊
သူမလက်ထဲမှာ ကဒ်ပြားတစ်ခု(သို့)လူတစ်ယောက်ကို ထိုလူဖြစ်ကြောင်း အမှတ်အသားများနဲ့တကွ ထိုလူပုံနဲ့ ဓမ္မဓိဠာန်ကျကျတင်ပြထား(တယ်ထင်ရ)တဲ့အရာကို ကိုင်ထားရင်းမေးတယ်၊
ကျွန်တော့်ညီက တစ်ချက်ကြည့်ပြီး ကျွန်တော့်ဟာပဲ၊ ဒါပေမယ့်မဟုတ်ဘူးတဲ့၊ အခုပျောက်နေတာ ၁၈နှစ်ပြည့်ပြီးတဲ့ဟာတဲ့၊ ကျွန်တော့်အမေက ဘယ်လိုဘယ်လို ဒါလည်းသားပဲလေ၊ အခုသား သုံးလို့မရဘူးလားတဲ့၊ ကျွန်တော့်ညီက အသက်ကလွဲလို့ အကုန်အတူတူပါပဲတဲ့၊ ဒါပေမယ့် ဒီအသက်အရွယ်ကပဲ ဘာမှမတူတော့တာကို ပြနေတယ်ထင်တာပဲတဲ့၊ အဲဒီတုန်းက ထင်ရှားသည့် အမှတ်အသားတောင် အခု သိပ်မထင်ရှားတော့ဘူးတဲ့၊ အမေက ဓါတ်ပုံဆေးသားပျက်နေလို့လားတဲ့၊ အခုတွေ့ထားတာ ငယ်ငယ်တုန်းကဟာပဲလေ၊ သားပျောက်နေတာ ဘယ်တုန်းကဟာလဲတဲ့၊ ကျွန်တော့်ညီက နေပါဦးအမေရာ၊ အခုဟာက ကျွန်တော်အလုပ်လျှောက်ရာမှာ ပြရမှာတဲ့၊ ကျွန်တော့်ညီမ ကျွန်တော့်ညီရဲ့အစ်မက ငါ့တုန်းက ငါဘယ်သူဘယ်ဝါရဲ့သမီးလဲဆိုတာ အလုပ်ရှင်က သိနေလို့ အဲဒါမလိုအပ်ဘူးတဲ့၊ နင်လည်း ဘယ်သူဘယ်ဝါဆိုတာ ပြောပြလိုက်ပေါ့တဲ့၊
ကျွန်တော့်ညီက ကျွန်တော့်ကိုလည်း သိတော့သိကြတယ် ဒါပေမယ့် အခုဟာက မှတ်ပုံတင်နဲ့တကွ လျှောက်လွာတင်ရမှာတဲ့၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းက ပြန်လုပ်ယူလို့လွယ်တယ်တဲ့၊ အဲဒီလက်တစ်ဖ၀ါးစာကဒ်ပြားလေးက ဒီလိုညတွင်းချင်း မရဘူးတဲ့၊ ဟုတ်တော့လည်း ဟုတ်တယ်လေ၊ လူတစ်ယောက်/ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်တွေ ရှာဖွေစုစည်းရတာ လွယ်တော့ ဘယ်လွယ်မလဲ၊ အခု ကိုယ့်မိသားစု အချင်းချင်းတောင် ကျွန်တော့်ရဲ့ လက်ရှိသက်သေပြနိုင်တာကို ပြန်တွေ့အောင်မရှာနိုင်ကြတာပဲ၊ ဒါပေမယ့် ကြက်ခြေနီအဖွဲ့ဝင် ဖြစ်ချင်တာကျတော့ သူ့သူငယ်ချင်းဒေါ်လေးဆီသွားရုံပဲတဲ့၊ အဲဒါကျွန်တော်ဖြစ်ကြောင်း၊ အဲဒါကျွန်တော့်မိဘ၊ အဲဒါကျွန်တော့်အလုပ်အကိုင်၊ အဲဒါ ကျွန်တော့်ထင်ရှားသည့်အမှတ်အသား၊ အဲဒါ ကျွန်တော် ကိုးကွယ်သည့်ဘာသာဆိုတာ ကျွန်တော်သွားပြောရုံနဲ့ သူတို့အသိမှတ်ပြုလက်မှတ်ထိုးပေး လိုက်လို့မှ မရဘဲ၊ အဲဒီကိုယ့်ကို မှတ်ပုံတင်ရဖို့ဆိုတာ ခဲယဉ်းတယ်လေ၊ ကျွန်တော့်ညီမက ပလတ်စတစ်လောင်းဖို့ ပိုက်ဆံမရှိလို့လားတဲ့၊ မိတ္တူဖိုးမတတ်နိုင်လို့လားတဲ့၊ ကျွန်တော့်ညီက ဘယ်သူမှလည်း နားမလည်ကြပါလားတဲ့၊ ကျွန်တော်ဘယ်သူဘယ်ဝါဆိုတာ သူတို့က ကျွန်တော့်ကို အဲဒီကဒ်ပြားနဲ့ တူမတူ ယှဉ်ကြည့်ကြမှာ၊ အဲဒါမပါဘဲနဲ့တော့ ကျွန်တော့်အမာရွတ်ကိုထုတ်ပြ အဲဒါ ကျွန်တော်ပဲပေါ့လို့ ပြောရင်တောင် ဘယ်မှာမှ ၀င်ခွင့်ရမှာမဟုတ်ဘူးတဲ့၊ ကျွန်တော် ဒီနိုင်ငံသားဆိုတာလည်း စီစစ်သူတို့က လက်ခံကြတော့မှာ မဟုတ်ဘူးတဲ့၊ ကျွန်တော်တော့ ကျွန်တော်ဆိုတာကိုပြဖို့ ခက်ပြီ၊ အဲဒါ ဘယ်လောက်အရေးကြီးလဲတဲ့၊ ကျွန်တော်အမှန်တကယ် ပျောက်ဆုံးနေပြီဗျာတဲ့၊ အဖေက ဒါနဲ့ အိမ်ထောင်စုစာရင်းရော ဘယ်မှာလဲတဲ့၊ ကျွန်တော့်ညီက မသိတော့ဘူးအဖေရာ ကျွန်တော့်ပျောက်ဆုံး နေတာလေးသာ တွေ့ရင်ပြောကြပါတဲ့။ ။

မောင်ယုပိုင်
၂၀၀၈၊ ဒီဇင်ဘာ။

ကျွန်တော်နဲ့ ကတိကဝတ်များ

ရော်ဝါရွက်တို့တွင်
ငါ့နာမည်ကားအခါခါထပ်နေ၏
ငါသည် လေနှင့်အတူ ကြွေလေပြီ။

စက္ကန့်လက်တံများနှင့်အတူ
တွဲခိုနေခဲ့သော စိတ်များကား
တဖျတ်ဖျတ်ခတ်လျက်
အို မိတ်ဆွေများ
သင်တို့လာခဲ့သလိုကား
ငါလည်းလာခဲ့သည်
မှန်၏
သို့သော်
သင်တို့ပြန်သလိုတော့
ငါမပြန်လို
ငါ့ကို ယုံကြည်ကိုးစားမှုနည်းသူဟု
သင်တို့ဆိုလိုကဆို။

လောကရဲ့ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး
ငိုချင်ရာငိုခွင့်ရသောအရွယ် မဟုတ်တော့
ကိုယ်တတ်နိုင်တာလေးနဲ့တင်
မီးလောင်နေလည်း တယောထိုးနေနိုင်ပါရဲ့

နွမ်းကြေခဲ့သော ငယ်ဘဝ ငါ့နွေရက်များတွင်
ငါ့ဓါးသွားများ မထက်မြကြ
ငါ့သွေးများ မရဲကြ
ငါ့စကားများလည်း မစူးရှကြပါ
ငါ့အသက်ဓါတ်များ အင်အားကြီးမားကြသောကြောင့်
လွယ်လွယ်နှင့် ငါ့ကို စွန်ခွာမသွားခဲ့
သို့နှင့် ငါလည်း ပင်ပန်းဆင်းရဲစွာ

ငါ့လက်ဖဝါးမှာ ဓါးလည်းရှိသည်
ငါ့လက်ဖဝါးမှာ ပန်းများလည်းပွင့်သည်
ငါ့လက်ဖဝါးက ဆောင်းတွင်းဖြစ်သလို
ငါ့လက်ဖဝါးက ရင့်သီးသော နွေလေပူလည်းဖြစ်သည်

တစ်ခုသော ညကာလတွင်
လမင်းသည် ငါ့အဖို့ရာ အေးမြဖူးသည်
ငါတမ်းတပါ၏ချစ်သူ
လမ်းများပျောက်ဆုံးသောအခါ
လူဟာ နားခိုရာ ဒါမှမဟုတ် အလင်းရောင်ကို
တမ်းတမြဲ ဖြစ်ပါ၏

မြေပုံသည် လမ်းကိုညွှန်းသော်လည်း
ခရီးသည်က မျက်ကန်းဖြစ်သည်
ခေါင်းလောင်းသံများ ဆူဝေစွာ အချက်ပေးကြသော်လည်း
ငါ့နားများက လေဟာနယ်ထဲ ရောက်နေ၏
ငါ့အိပ်မက်များကား သုံးဆယ့်တစ်

လမ်းများမဆုံးနိုင်သောအခါ
မျှော်လွန်းသော မျက်လုံးများ ပြာဝေလာတတ်သည်
မိတ်ဆွေများ
ကျွန်တော်ခေါင်းငုံ့နေသည်ကို
ရင်မဆိုင်ဝံ့သောကြောင့်ဟု
သင်တို့ ထင်မြင်နေခဲ့ပါသလား

နေသည်
အရှေ့မှထွက်ပြီး အနောက်သို့ဝင်ခဲ့သည်
ကျွန်တော်တို့က
ထိုနေကိုကြည့်ပြီး အချိန်ကိုသတ်မှတ်သည်
ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ
သူများကို ဂရုတစိုက်လုပ်သူများတွင်
လူသည် အဆိုးဝါးဆုံး သတ္တဝါတစ်မျိုးပင်ဖြစ်သည်ဟု
ကျွန်ုပ်ဆိုခဲ့လျှင်
သင်တို့အားလုံးလည်း ငြင်းမည်မဟုတ်။


လင်းဆက်
အိုင်ဒီယာမဂ္ဂဇင်း (နိုဝင်ဘာ)

မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲ

မဒမ်ဇင်နီယာဟာ
ဘုရားသခင်က သူ့ကိုဖန်ဆင်းထားတယ်ဆိုတာယုံတယ်
ဘုရားသခင်ပြောတဲ့အတိုင်းနေထိုင်တယ်
ဘုရားသခင်သတ်မှတ်ထားတဲ့အတိုင်းစားသောက်တယ်
ဘုရားသခင် အလိုအတိုင်းပြုမူဆောင်ရွက်တယ်
ဘုရားသခင် မလိုလားတာဆိုရင်
မဒမ်ဇင်နီယာက သူနဲ့မပတ်သက်သလိုနေလိုက်တာပဲ
မဒမ်ဇင်နီယာ မကြာခဏဖျားနာလေလေ
ဘုရားသခင်ကို ပိုပြီးဆုပ်ကိုင်လေလေ
ဘုရားသခင်သာ မဒမ်ဇင်နီယာဘ၀မှာရှိရင် အရာအားလုံးကိုငြင်းပယ်ရဲတယ်
ဘုရားသခင်ရဲ့ အရိပ်မှာ ဘုရားသခင် အလိုအတိုင်းသာနေရရင် ငြိမ်းချမ်းမယ်လို့ယုံတယ်
မဒမ်ဇင်နီယာ ဘုရားသခင်ကိုအားကိုးပြီးနေလာခဲ့တာ
သုံးဆယ်တစ်နှစ်တောင်ရှိပြီပေါ့
ဘုရားသခင်က မဒမ်ဇင်နီယာကို သမီးလေးတစ်ယောက်ပေးတယ်
စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးတယ်
အသားနည်းနည်းပါတဲ့စွပ်ပြုတ်ပေးတယ်
မဒမ်ဇင်နီယာရဲ့ အသွေးအသားထဲမှာ ရမ္မက်မရှိတော့ဘူး
မဒမ်ဇင်နီယာရဲ့ တစ်ကိုယ်လုံး ဘုရားသခင်နဲ့တည်ဆောက်ထားတယ်
မဒမ်ဇင်နီယာရဲ့ ၀ှက်ဖဲချပ်တိုင်းဟာ ဘုရားသခင်ပဲ
လူတွေက ဘုရားသခင်ကို မထေမဲ့မြင်ပြုနေကြတယ်လို့လည်းယူဆတယ်
မဒမ်ဇင်နီယာရဲ့ဘုရားသခင်ကတော့
သူ့ မိတ်ဆွေတွေကြားမှာ အတော်ကလေးရေပန်းစားပ
ဝိုင်အရက်လို ယဉ်ကျေးသူတွေကနေ
လိင်မှုကိစ္စလို ပွင့်လင်းသူတွေအထိပေါ့
မဒမ်ဇင်နီယာကို လေ့လာသူတွေက
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ကနေတာကလွဲပြီး ဘာမှမရှိပါဘူးတဲ့
မဒမ်ဇင်နီယာရဲ့ ခြေလက်လှုပ်ရှားဟန်ထဲမှာ
တစ်စုံတစ်ယောက်ရှိနေပုံရပေမယ့် တစ်စုံတစ်ယောက်ကိုမမြင်ရဘူး
အဲဒီတစ်စုံတစ်ယောက်ကလည်း ဘုရားသခင်ပါပဲတဲ့
မဒမ်ဇင်နီယာဟာ တစ်ခါတစ်လေ ပျော်ပျော်ရွှင်ရွှင်သီချင်းညည်းနေတတ်တယ်
တစ်ခါတစ်လေ ရုပ်တုလေးတစ်ခု ချထားသလို ငေးငိုင်တိတ်ဆိတ်နေတတ်တယ်
မဒမ်ဇင်နီယာရဲ့အတွေးထဲမှာ စိတ်ကူးအိပ်မက်တွေထဲမှာ
ဘ၀မျှော်လင့်ချက်တွေထဲမှာ
ဘုရားသခင်နဲ့ကင်းကွာသွားတဲ့အချိန်ဆိုတာမရှိခဲ့ဘူး
မဒမ်ဇင်နီယာရဲ့တည်ရှိမှုမှာ
လူအဖြစ်တည်ရှိမှုဟာ လုံးလုံးပျောက်ကွယ်သွားပြီး
ဘုရားသခင်ရဲ့ တည်ရှိမှုသာကျန်တော့တယ်
မဒမ်ဇင်နီယာဟာ ဘုရားသခင်နဲ့နိုးပြီး ဘုရားသခင်နဲ့အိပ်ရာဝင်တယ်
ဘယ်လိုလူကြီးလူကောင်းတစ်ယောက်အတွက်မှ
မဒမ်ဇင်နီယာဟာ ဦးထုပ်ကလေးဆောင်းပြီး ဂါဝန်ကလေးမပြီး
နှုတ်ခမ်းဆေးထူထူတင်ပြီး ရှိရှိသမျှနူးညံ့မှုတွေနဲ့တွေ့ထိပြီး
ရင်ခုန်ဖို့ကောင်းတဲ့မိန်းမတစ်ယောက်မဖြစ်နိုင်တော့ဘူး
မဒမ်ဇင်နီယာရဲ့လရောင်နဲ့တူတဲ့နို့ရည်ဟာ
သူ့သမီးလေးကြီးပြင်းလာကတည်းက ခမ်းခဲ့ပြီ
မဒမ်ဇင်နီယာရဲ့ မျက်လုံးမှာ မီးနဲ့တူတဲ့ဆွဲဆောင်အားတွေပျောက်ကွယ်သွားပြီး
ထိတ်လန့်ခြောက်ခြားဖွယ် ငြီးငွေ့စိတ်ပျက်မှုသာ ကျန်ရှိတော့တယ်
မဒမ်ဇင်နီယာဟာ သံချေးအထပ်ထပ်တက်နေတဲ့ စက်အပျက်တစ်လုံးကို
ဘာကိုမှ ထက်ထက်သန်သန် မရှိတော့ဘူး
အကယ်၍များ ခင်ဗျားအနေနဲ့
မဒမ်ဇင်နီယာကို ဘုရားသခင်လက်က ကယ်တင်ချင်တယ်ဆိုရင်
ခင်ဗျားမှာ ပိုက်ဆံရှိရုံနဲ့မဖြစ်ဘူး
ဘုရားသခင်အကြောင်းသိမှဖြစ်မယ်
ဘုရားသခင်ကို သိခြင်းဟာ မဒမ်ဇင်နီယာကိုသိတာနဲ့အတူတူပဲ
သူ့ကိုခင်ဗျားမြင်နေတာက ကလပ်မှာတွေ့နေကျ မိန်းမတစ်ယောက်ထက်ဘာမှမပိုဘူး
သူက ခင်ဗျားကို ကဖေးဆိုင်ရဲ့ ထောင့်တစ်ထောင့်မှာ
ဟမ်ဘာဂါမုန့်အကြောင်းပြောမှာမဟုတ်ဘူး
ဘုရားသခင်ရဲ့လေသံအတိုင်း
ခင်ဗျားပြင်းပျနေတဲ့ဦးတည်ချက်ကို တိရစ္ဆာန်တစ်ကောင်လိုရှုံချပစ်လိမ့်မယ်
ဘုရားသခင်ကိုကျော်လွန်ပြီး သူ့ဆီက ဘာဆန္ဒ ဘာနူးညံ့မှုမှ
ခင်ဗျားရယူနိုင်မှာ မဟုတ်ဘူး
မဒမ်ဇင်နီယာဟာ လူ့ဘ၀ဆိုတဲ့ ဒုက္ခသည်စခန်းကြီးမှာ
လိင်မှုဆိုင်ရာကလွဲပြီး အကုန်ဖြည့်ဆည်းပေးနေတဲ့ တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တယ်
မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲထဲမှာ
မကြာမကြာ ပါဝင်ပတ်သက်နေရသူတစ်ယောက်
အနေနဲ့တော့ တွေးမိနိုင်တာတစ်ခုရှိတယ်
ငန်းတစ်ကောင်လိုသွေးသားဆူဖြိုးနေသေးတဲ့မိန်းမတစ်ယောက်အနေနဲ့
ဘုရားသခင်အပေါ် ဒီလောက်ယုံကြည်သက်ဝင်သွားလောက်အောင်
ဘယ်လိုဒုက္ခတရားတွေက လမ်းပြခေါ်ဆောင်သွားသလဲဆိုတာကိုလေ
ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဟာ မဒမ်ဇင်နီယာဆီက နောက်ဆုတ်သွားချေပေါ့
တစ်ယောက်ကိုတစ်ယောက်လက်တွဲတဲ့လူ့အဖွဲ့အစည်းဟာ
မဒမ်ဇင်နီယာကို စွန့်ခွာသွားချေပေါ့
နာရီတွေကို နောက်ပြန်လည်နေတဲ့ဆေးရုံတစ်ရုံမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ဘုရားသခင်နဲ့အတူ
သူ့ရဲ့ကပွဲကို ဆက်လက်ကျင်းပနေပေါ့

ပိုင်
idea 100 issue ,၂၀၀၉

Sunday, January 10, 2010

မောင်ချောနွယ်ရဲ့လက်ဆောင်

နံပါတ်တစ်ကို One လို့ခေါ်ရင်
နေမင်းကြီးကို Sun လို့ခေါ်တယ်။

နံပါတ်နှစ်ကို Two လို့ခေါ်ရင်
ငါ့တို့ကျောင်းကို School လို့ခေါ်တယ်။

နံပါတ်သုံးကို Three လို့ခေါ်ရင်
သော့ကလေးကို Key လို့ခေါ်တယ်။

နံပါတ်လေးကို Four လို့ခေါ်ရင်
တံခါးမကြီးကို Door လို့ခေါ်တယ်။

နံပါတ်ငါးကို Five လို့ခေါ်ရင်
စွန်ကလေးကို Kite လို့ခေါ်တယ်။

နံပါတ်ခြောက်ကို Six လို့ခေါ်ရင်
ရေကန်ကြီးကို Lake လို့ခေါ်တယ်။

နံပါတ်ခုနှစ်ကို Seven လို့ခေါ်ရင်
စံပယ်ပန်းလေးကို Jasmine လို့ခေါ်တယ်။

နံပါတ်ရှစ်ကို Eight လို့ခေါ်ရင်
ပုဆိန်ကြီးကို Axe လို့ခေါ်တယ်။

နံပါတ်ကိုးကို Nine လို့ခေါ်ရင်
ကောင်းကင်ကြီးကို Sky လို့ခေါ်တယ်။

နံပါတ်တစ်ဆယ်ကို Ten လို့ခေါ်ရင်
ဖောင်တိန်လေးကို Pen လို့ခေါ်တယ်။

မောင်ချောနွယ်
(စတိုင်သစ်၊၂၀၀၇၊ဇွန်လ)

ကဗျာနဲ့ရေးတဲ့ PORTRAIT

လင်းသဏ်ညီ – ။
ဆံပင်ရှည်တယ်၊ စိတ်ရှည်တယ်၊
လက်ရေးနဲ့ကဗျာရေးတယ်။ ကင်းဘတ်စ်ကို ပိရမစ်ပုံလုပ်ပြီး
ပန်းချီဆွဲတယ်။ မကြာခဏ ခရီးသွားတယ်၊
အရာရာကို အမှတ်တရရှိတယ်၊

အောင်ပိုင်စိုး – ။
အရပ်ရှည်တယ်၊ ဆံပင်ရှည်တယ်၊
ဘောင်းဘီဝတ်တယ်၊ စကားပြောမြန်တယ်၊
အကြောင်းအရာများတယ်၊
အဝင်/အထွက်ကြမ်းတယ်
ကိုယ်ပိုင်အရည်အသွေးနဲ့ ရပ်တည်ချင်စိတ်ရှိတယ်၊

ဧဇံ – ။
အတည်လား၊ အနောက်လား
မကွဲပြားဘူး၊ လူအများကြီးကြားမှာ
တွေ့ရတတ်တယ်၊ စကားအများကြီးပြောတယ်၊
ပျော်ရွှင်သူဖြစ်တယ်၊

စိုင်းဝင်းမြင့် – ။
ချိန်ဆပြီးပြောတယ်၊
ထိရောက်အရှိန်ပြင်းတယ်၊
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်အောင် ဝေဖန်တတ်တယ်၊
ကလေးမျက်နှာရှိတယ်။ လက်ကိုင်ဖုန်းရစက
လူမမြင်အောင် လျှို့ဝှက်ထားတယ်၊

မောင်ဖီလာ – ။
အကုန်လုံးတည်တည်တံ့တံ့လုပ်တယ်
ဣနြေ္ဒအပျက်မခံဘူး
လူသားဆန်တယ်၊ အဆင်မပြေရင်ပျက်ရယ်ပြုတယ်
ကမ္ဘာကိုသိတယ်၊
ဘိုဟီးမီးယန်းစတိုင်ရှိတယ်၊

ငုအိမ်ထက်မြက် – ။
အင်္ကျီလက်ရှည် လက်ဖျားထိ
ကြယ်သီးတပ်ဝတ်ပြီး
ရင်ဘတ်ဟပြဲနဲ့
အလျင်စလိုနိုင်တယ်
ကဗျာကို ဆန်းဆန်းပြားပြားရေးတတ်တယ်
လမ်းအလွန်လျှောက်တယ်၊

ထွန်းဝေမြင့် – ။
အရပ်ရှည်လွန်းတော့ ဝတ်ထားတဲ့ဂျင်းဘောင်းဘီက
ခြေဖျားမရောက်ဘူး၊
မျက်မှန်တပ်တယ်၊
ကောက်ကြောင်းနည်းနည်းပဲသုံးပြီး ပုံဆွဲတယ်၊
စားဝတ်နေရေးဂရုစိုက်တယ်၊
ကဗျာကို ‘စတိုင်ယာ’ရောပြီးရေးတယ်
အရှိန်ပြင်းပြင်းရွတ်တယ်၊

ဝိုင်ချို – ။
အချစ်ကဗျာအရေးကောင်းတယ်၊
အရက်သောက်ဖို့ ဇွဲရှိတယ်၊
ရုံးတက်ချိန်မှာ တခြားနေရာရောက်နေတာ
ပျော်တဲ့ အယ်ဒီတာ။
တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးနဲ့
လုပ်ချင်ရာဇွတ်လုပ်တတ်တယ်၊

အောင်ရင်ငြိမ်း – ။
ကဗျာကိုလံဘတ်၊
ကဗျာ အသေခံဗုံးခွဲသမား၊
စစ်သားဆန်ဆန်ရင်ဆိုင်တတ်တယ်။
စိတ်ကြွဆေးမသုံးဘဲ အမြဲစိတ်ကြွနေတယ်။

မိုးဝေး – ။
ကျွန်တော်နားလည်တယ်၊
ကျွန်တော် နားမလည်ဘူး

လူဆန်း – ။
ပြင်သစ်စကားပြောတယ်
ဘာတွေအသစ်ရပြီလဲ မေးတတ်တယ်
ကိုယ်တိုင်မော်တော်ကားမောင်းတယ်
ကဗျာကလွဲပြီး/ ကျန်တာရှော့(ခ်)ရှိတဲ့ပုံ
ချဉ်းကပ်ဖို့မလွယ်/ လူထူးလူဆန်းတစ်ယောက်၊

မင်းထက်မောင် – ။
နိုင်ငံတကာဆန်အောင် နေတယ်
နိုင်ငံတကာဆန်အောင် ပြောတယ်
နိုင်ငံတကာဆန်အောင် ရေးတယ်
ကဗျာကို မသယ်နိုင်လောက်တဲ့အထိ
အလေးချိန်များအောင်ရေးတယ်

မောင်စိမ်းနီ – ။
စာပေစစ်စစ်အယ်ဒီတာ၊
စိမ်းတယ်/ နီတယ်
ဘာမဆိုအကုန်တော်လှန်တယ်
ချစ်စရာကောင်းအောင်ဆဲတယ်၊
မင်းသမီး အင်ဂျလီနာဂျိုလီလို
လူမှုရေးလုပ်တယ်၊

ဝင်းမောင် – ။
ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့တူတယ်၊
စိတ်တိုတယ်၊ အစုအဆောင်းကောင်းတယ်။
ကဗျာအလုပ်ကဆယ်စုနှစ်သုံးခုစာလောက်လုပ်ခဲ့ပေမယ့် လူမသိ
ဗေဒင်အလုပ်က လေးငါးနှစ်နဲ့ လူသိ-ဟု မှတ်ချက်ပေးသူ

ဥတ္တရာအောင် – ။
တောင်ပေါ်/ တောင်အောက်ကိစ္စ
အလေးအနက်ထားတယ်၊
အိတ်ထဲမှာ ‘ဘုရားသခင်’ကို ထည့်ပြီးသွားတယ်၊
ပြုပြင်ရေးစိတ်ဓာတ်ကဲတယ်၊
ကိုယ်ပေါ်မှာ တံဆိပ်မျိုးစုံတွေ့ရတယ်။
ဆံပင်စည်း၊ နားကွင်း၊ ဆေးမှင်ကြောင်၊
အရိုးခေါင်း လည်ဆွဲ၊ အကုန်လုပ်တယ်

ကေမျိုးငြိမ်း – ။
မဟုတ်မခံ တုံ့ပြန်တတ်တယ်
ပိုင်းခြားနားလည်တတ်တယ်
အမှားမြင်တတ်တယ်
စကားကို ပြတ်တောင်းပြတ်တောင်းပြောတယ်
အုပ်စု/ ဂိုဏ်းဖွဲ့ကိစ္စ လက်မခံ
တစ်နေရာနဲ့တစ်နေရာ သွားလိုက်/ လာလိုက်

ခိုင်မြဲကျော်စွာ – ။
တကယ့် GENTLEMAN
ဘာရေးရေး တရားကိုလက်မလွှတ်
မိသားစုကို အလေးထားတယ်
သပ်သပ်ရပ်ရပ် နေထိုင်တယ်
စကားပြော ညင်သာနူးညံ့တယ်
တစ်ဖက်သားကို နားလည်ညှာတာအားပေးတယ်

အေမွန် – ။
သေးသေးကွေးကွေးပေမယ့် လက်ဆွဲနှုတ်ဆက်တဲ့အခါ
အားထည့်တာ တွေ့ရတယ်၊
အမေရိကန်အင်ဒီးယန်းလေးတစ်ယောက်ကို မြင်ရသလို
လွတ်လပ်တယ်

ဝင်းသူရ – ။
အယ်ဒီတာဆန်တယ်

မောင်လင်းယုန်(ရှမ်းပြည်) – ။
ယက်တူရှင်ကိုနဲ့ တွေ့ဆုံဖူးတယ်
ဆေးလိပ်အမျိုးအစားမရွေး မီးခိုးမတိတ်အောင်သောက်တယ်
စူးစမ်းလိုစိတ်ကြောင့် တစ်ယောက်ယောက်က အမြဲပြန်
ရှင်းပြနေရတယ်။
TRANSLATOR၊ TUTOR၊
‘နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်’အနေနဲ့
အိုမင်းတဲ့အထိ ပျံသန်းဆဲ

ကောက်နွယ်ကနောင် – ။
ကဗျာနဲ့ဝိညာဉ်လောက
နှစ်လောက နေထိုင်တယ်၊
လူတစ်ယောက်ထက် စီးကရက်တစ်လိပ်၊ မုန့်တစ်ခု၊
လက်ဖက်ရည်တစ်ခွက်နဲ့ပဲ အဖော်ပြုထိုင်နေတတ်တယ်။
ရုံးခန်းကိုတက်တဲ့လှေကားဟာကောင်းကင်ဘုံကို
တက်တဲ့ လှေကားလို
အေးစက် တိတ်ဆိတ်ရှည်လျားမည်းမှောင်နေတယ်

ဝင်းမြင့် – ။
စကားနည်းတယ် စာများတယ်
အမှုန်အမွှားကင်းစင်တဲ့ လူတစ်ယောက်ပါပဲ

ငြိဏ်းဝေ – ။
PERFORMANCE ကောင်းတယ်
ဆွေးနွေးညှိနှိုင်းစိတ်များတယ်
NEW DIRECTION ရှိတယ်
စကားလုံးတွေကို လွတ်လွတ်လပ်လပ်ထားတယ်
စကားလုံးတွေကို လွတ်လပ်ခွင့်ပေးလွန်းလို့
တစ်ခါတစ်ရံမှာရေးထားတာ မသပ်မရပ်သလို ဖြစ်တတ်တယ်။
ကဗျာကို ကမ္ဘာနဲ့ဆက်စပ်ပေးနိုင်တယ်
ဆရာဝန်ပုံစံရှိတယ်

ကိုဘုန်း – ။
ကဗျာတစ်ဝက်- ဂစ်တာတစ်ဝက်-
အိပ်မက်နဲ့တူတဲ့ မျက်လုံးတွေရှိတယ်
ဦးထုပ်တစ်လုံး အမြဲဆောင်းထားတယ်

လွန်းဆက်နိုးမြတ် – ။
နွေဦးရာသီတစ်ခုမှာ ဂျုံရိုးနဲ့ရက်လုပ်ထားတဲ့
ခမောက်တစ်လုံးဆောင်းလာဖူးတယ်
ဂျင်းပင်ဝတ်ပြေပြစ်တဲ့ လူငယ်တစ်ယောက်
ကိုယ့်သဘောထားကို အထိပါးမခံဘဲ ညင်ညင်သာသာ
တင်ပြတတ်တယ်၊
ကောင်းကင်ရဲ့အပြာရောင်လိုငြိမ်းချမ်းသူ

နီမျိုးထက် – ။
ကမ်းထရီးဆံပင်နဲ့ စီးကရက်နဲ့
လေသံဝဲဝဲ
နှေးနှေးကွေးကွေး

ခရမ်းပြာထက်လူ – ။
စကားလုံးပြင်းပြင်းထန်ထန်တွေသုံးတယ်
စာသားများများရေးတယ်၊ ကူညီတတ်တယ်၊
နည်းနည်းပြောခြင်းနောက်မှာ များများပြောခြင်းတွေ့ရတယ်
တစ်ခါတလေ စတိုင်ကျကျ
တစ်ခါတလေ ဖရိုဖရဲ။

တိုးနှောင်မိုး – ။
ရေးထားတဲ့ စာရွက်အနားစတွေကို မီးရှို့ပြီး
မဂ္ဂဇင်းတိုက်ကိုပို့တယ်
မြစ်ထဲမှာ ကဗျာတွေရှိတယ်ဆိုပြီး ဓာတ်ပုံလိုက်ရိုက်တယ်
အလောင်းကောက်တယ်/ ဂျစ်ပစီလုပ်တယ်

မောင်လင်းရိပ် – ။
အနက်ရောင်လက်ဆွဲအိတ်တစ်လုံးပါတယ်
RADIO/ INTERNET/ WEBSITE တွေ စိတ်ဝင်စားတယ်
တိုးတိုးတိတ်တိတ်ရှိပြီး
အရှေ့တိုင်း အတွေးအခေါ်ကဲတယ်
ကဗျာကို လူထုဆီရောက်ဖို့ အမြဲနည်းလမ်းရှာနေတယ်

သျှီသူအောင် – ။
ကဗျာဆရာတွေကို
‘ကောင်းကင်ဘုံမှာနေထိုင်သူ’နဲ့
‘ငရဲဘုံမှာ နေထိုင်သူ’လို့၊ နှစ်မျိုးခွဲရင်
သူ့ကို ‘ကောင်းကင်ဘုံ’မှာ နေထိုင်သူလို့
ပြောရပါလိမ့်မယ်

စိုးမင်းအောင် – ။
ရန်ကုန်မြို့ရဲ့အလယ်ခေါင်တည့်တည့် နေထိုင်တဲ့သူ
တစ်ဖက်တည်း ကင်းမြီးကောက်နားကပ်နှစ်ခု
မျက်လုံးတစ်လုံး ပြန်လည်ပြုပြင်ထားရ
တစ်ခါက မော်တော်ကားတစ်စီး အရှိန်ပြင်းပြင်း ဝင်တိုက်တာခံရသူ
နားထဲမှာ အသံတွေကြားနေရတယ် လာပြောသူ
ဘုရားသခင်
တွေ့တိုင်းလည်း သူနဲ့ကျွန်တော့်ကြား ဘုရားသခင်

မောင်ဒေး – ။
ဘာသာပြန်တယ်၊ အားရင်အိပ်တယ်၊
အယ်ဒီတာလုပ်လိုက်/နားလိုက်၊
တစ်ခါတလေ ထီးကောက်နဲ့၊
COMPUTER – INTERNET သုံးစွဲမှုနဲ့။
တီရှပ်အနက်များ၊
ဂျာနယ်တစ်ခုလုပ်တုန်းကလည်း စာမျက်နှာတွေအနက်
တစ်ယောက်တည်း တွေ့-တွေ့တတ်တယ်

တီကျူး – ။
‘လူပိန်များရဲ့ကလပ်’ဖွဲ့ဖို့တိုက်တွန်းဖူးတယ်
နောက်ပိုင်း ပန်းချီဆရာဖြစ်သွားတယ်
လူဟာ ပန်းချီကားထဲကပုံစံအတိုင်း

ချမ်းမင်းအိမ် – ။
ဘောင်းဘီနဲ့ ဂိုက်ဆိုက်ကောင်းတယ်
ကုမ္ပဏီပုံပေါက်တယ်
အယ်ဒီတာလုပ်ရတာ ဝါသနာပါတယ်
သီချင်းတညည်းညည်းနဲ့။ အပေါ်ယံကြည့်ရင်
လူ့ဘဝကို အပျော်တမ်းနေထိုင်
နေတဲ့ပုံလို့ ထင်ရတယ်

သစ္စာပိုင်စိုး – ။
အမြဲတမ်းအထီးကျန်၊
လျှို့ဝှက်နာကျင်နေတဲ့ပုံမျိုး

ပြေမြင့် – ။
စစ်သားဆံပင်ပုံစံနဲ့၊ သောကမျက်နှာနဲ့၊
ရှေ့လကတွေ့တော့ ‘ကျွန်တော်
အလုပ်လုပ်တော့မယ်’လို့ ပြောတယ်။
အသက် ၄၆/၄၇ လောက်ရှိပြီ

ဘုန်းနေသွန်း – ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့၊
ပိန်ပိန်ရှည်ရှည် ခေတ်လူငယ်တစ်ယောက်။
တာဝန်ထမ်းဆောင်ချိန်ထဲကနေ ထုတ်လုပ်နိုင်ခဲ့တယ်၊
အနည်းငယ်အေးစက်တာနဲ့ ပြတ်သားတာရှိတယ်

ကြည်ဇော်အေး – ။
ကဗျာကို ရွှေလို့သဘောထားတယ်
တစ်ခုချင်းတူးဖော်ရောင်းချတယ်
ကုန်သွားရင် မရေးပဲနေတယ်။
နည်းနည်းအန္တရာယ်ရှိတယ်

မောင်သင်းခိုင် – ။
နွေးထွေးကြိုဆိုတယ်
နိုင်ငံတကာစံကိုသိတယ်၊ အရက်ကိုချစ်တယ်၊
အဖွဲ့လိုက်နေတယ်။
တစ်ခါက အထပ် ၂၀ ကိုဆင်းဖို့ ဓာတ်လှေကားထဲ
ကဗျာဆရာတွေ ဆန့်သလောက် ခေါ်ထည့်နေလို့
အစောင့်က အတင်းပိတ်ပြီး လွှတ်ချလိုက်တယ်

စန်းဦး – ။
ဟောလီးဝု(ဒ်)ရုပ်ရှင်ထဲက ဇာတ်ကောင်
တစ်ကောင်လို အေးစက်စက်အကြည့်ရှိတယ်၊
တစ်နှစ်တစ်ကြိမ် ခမ်းခမ်းနားနား ညစာကျွေးပြီး
ဗန်ဂိုးရဲ့ ပန်းချီကားတွေ လက်ဆောင်ပေးသူဖြစ်တယ်
DIGITAL ART, SHORT VIDEO အပြင်
စာအုပ်ထုတ်ဝေသူ၊ ပိုင်ရှင်

လူအိမ် – ။
များလာရင် ကမ္ဘာပေါ်မှာ
သူစကားပြောရမယ့်သူ နှစ်ယောက်ပဲရှိတယ်လို့၊
ကြွေးကြော်တတ်တယ်လို့၊ ကြားဖူးတယ်။
တစ်ယောက်က ‘အမေရိကန်သမ္မတ’
တစ်ယောက်က ‘ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်’

နိုင်မွန်အောင်သွင် – ။
အနက်ရောင်လယ်သာဂျာကင်နဲ့
မော်တော်ဆိုင်ကယ်သမားအဖြစ် တစ်ခါပဲတွေ့လိုက်ရတယ်။
လူက ကျစ်ကျစ်လျစ်လျစ်ရှိပေမယ့်၊
သူ့စာကြောင်းတွေက သူ့ခရီးလိုပဲ လမ်းကြောင်းရှည်တယ်၊
ဝက်ဝံတစ်ကောင်ကို ကိုင်လှဲချနိုင်တဲ့ အေးခဲတဲ့ ဒေသကနေ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဖို့ကြံစည်နေတယ်

နေမျိုး – ။
ဘုရားသခင်ဟာ
ကမ္ဘာဂြိုဟ်ကို စူးစမ်းဖို့
ဂြိုဟ်သားတစ်ယောက်လွှတ်လိုက်တယ်။
အင်မတန်ရိုးသားတဲ့အမြင်နဲ့
အဆန်းပြားဆုံးတွေကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သူ၊
လူစုလူဝေးကို ရှောင်ပြီးနေတတ်တယ်

အောင်ချိမ့် – ။
စကားလုံးအနည်းဆုံးနဲ့
အထိရောက်ဆုံးရေးနိုင်သူ၊
ပါးစပ်က တစ်လုံးပြော တစ်လုံးကဗျာ ဖြစ်နေသူ၊
‘ဟန်’ကိုအများဆုံး တုပခံရသူ၊
‘ခေတ်ပေါ်ကဗျာရဲ့ ဘုရားသခင်’လို့ တင်စားခံရသူ
အသားညိုညိုအရပ်ရှည်ရှည်နဲ့
ခြောက်သွေ့ပုံရပေမယ့်၊ လေးနက်မှုတွေ
ကြောက်စရာကောင်းအောင် စိုရွှဲနေသူ

ဇေယျာလင်း – ။
ဘာသာပြန်ရာကနေ၊ ဘာသာစကားကိုတွေ့ရှိသွားပြီး၊
ဘာသာစကားကို အားပြုရေးတဲ့ ‘ဘာသာစကားကဗျာ’ဆိုတာကို
ဦးဆောင်ရေးသားခဲ့သူ။ နောက်ပိုင်း ဘာသာစကားကဗျာနဲ့
ပတ်သက်သမျှ – ရေးသား၊ ပြောဆို၊ ဆွေးနွေး၊ သုတေသနပြု၊
ပို့ချ၊ ဖြန့်ချီ၊ ကာကွယ်၊ တုံ့ပြန်၊ အလုပ်အားလုံး အကုန်
လုပ်နေသူ။

ပိုင် – ။
ကွန်တော့်အကြောင်းကို
အထက်လူတွေပြောချင်ပြောပါလိမ့်မယ်
ဒါမှမဟုတ်၊ မပြောဘဲနေပါလိမ့်မယ်

၃-၁-၂၀၀၉ စနေနေ့၊ ညနေ ၃း၄၀ နာရီ

ပိုင်
နွယ်နီမဂ္ဂဇင်း၊ မေ၊ ၂၀၀၉

Tuesday, January 5, 2010

လမ်းဘေး ဘာသာစကား ကဗျာ

ကျွန်တော်တို့ဆီမှာတော့
သွားကြားထိုးတံကို ရှာဖွေရေးလို့ ခေါ်ပါတယ်
ပိုက်ဆံမရှိတာကို ရေမလန်းဘူးလို့ သုံးပါတယ်
ပြသနာတက်နေရင် တိုင်ပတ်တယ်လို့ ပြောပါတယ်
ပြသနာရှာနေတဲ့လူကို အထုပ်လို့ ခေါ်ပါတယ်
ကလေကချေကိုစရိုက်လို့သုံးပြီး
အောက်စက်ကို ပစ္စည်းလို့သုံးပါတယ်
ကောင်မလေးချောချောမြင်ရင်
ဇယားလေးကမှည့်တယ်လို့ပြောပြီး
ကိုယ့်အိမ် ကိုယ် ပြန်အိပ်တဲ့အခါ
ကိုယ့်ဘိကိုယ် ပြန်ကျိုးတယ်လို့ သုံးစွဲပါတယ်
သူငယ်ချင်းကိုသားကြီးလို့ သုံးနှုန်းတတ်ပါတယ်
ကျွန်တော်တို့ဆီမှာတော့
ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ခုနစ်နှစ် အချိန်ယူရပါတယ်
ဝီစကီကောင်းကောင်း တစ်လုံး ရဖို့ အနှစ်နှစ်ဆယ်
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်
အချိန်ယူရပါတယ် အချိန်ပေးရပါတယ်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်ဖို့
အိပ်ရေး၀၀ အိပ်ထားဖို့လိုအပ်လို့
ကိုယ့်ဘိမှာကိုယ် အေးဆေး ကျိုးနေပါတယ် ။ ။
ကြည်ဇော်အေး
သရဖူ မဂ္ဂဇင်း ၊ ဖေဖော်ဝါရီလ ၊ ၂၀၀၉

ပြေလည်ရာပြေလည်ကြောင်း

ကျွန်တော်တို့ဤကဗျာ(ဘလော့တင်ထားသော)စုစည်းမှုလေးအား မူရင်းဘလော့များမှ ကျွန်တော်တို့ကြိုက်နှစ်သက်သောကဗျာများအား အလျင်းသင့်သလိုကူးယူဖော်ပြသွားမည်ဖြစ်ကြောင်း ဘလော့ပိုင်ရှင်များအားအသိပေးအပ်ပါသည်။
ကူးယူဖော်ပြသောဘလော့နာမည်များအား အခြေအနေအရ ဖော်ပြနိုင်ခြင်းမပြုခြင်းအတွက် အလေးအနက်တောင်းပန်အပ်ပါသည်။
ကဗျာကောင်းလေးများအား တစ်နေရာထဲ တစ်စုတစ်ဝေးထဲ အလွယ်တစ်ကူဖတ်ရှုနိုင်စေရန် ရည်ရွယ်ရင်းဖြစ်ပါသည်။ အနည်းငယ်လိုအပ်ချက်များ ရှိနိုင်မည်ကို သိရှိသော်လည်း ဤကဗျာ(စုစည်းမှု)ဘလော့လေးအား ကဗျာဖတ်ရှုလိုသူ ပရိသတ်လက်ထဲ အရောက်လွှတ်တင်ပေးလိုက်ပါသည်။
ကဗျာဘလော့ဖန်တီးသူများအား အစဉ်လေးစားလျှက်။

ဖန်တီးတင်ဆက်သူများ