Tuesday, December 29, 2009

ညီအစ်ကိုမိုနိုလော့

စကားပိုပြောတယ်ထင်ရင်လည်း မတတ်နိုင်ဘူး ရောမန္တိကလေသံကဲနေတယ် ထင်ရင်လည်း မတတ်နိုင်ဘူးတစ်ယောက်ကအစ်ကို တစ်ယောက်ကညီ ငါ့မှာ တတ်နိုင်တာကလည်း စကားတွေပဲရှိတာကိုး မင်းတို့ မတတ်နိုင်ဖြစ်နေတဲ့ဇယားတွေလည်း
ငါမြင်နေရတာကိုး ငါ့မှာမဖြစ်ပေမယ့် မင်းတို့နဲ့ထပ်တူငါခံစားရတာကိုးကွာ အဲဒါကတော့ ခံစားသူကဗျာဆရာကြီးဆိုတာထက် သွေးသားက စကားပြောတာပဲဖြစ်မယ် ဒါမှမဟုတ်စကားသွေးက ပြောတဲ့အသားတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဘာဖြစ်ဖြစ် ငါ့အစ်ကိုမှာ အလုပ်မရှိတာ ငါ့အလုပ်ပဲ ငါ့ညီမှာအဆင်မပြေတာ ငါ့အပူပဲ ထို့အတူ ငါ့မှာပါလာတဲ့ ပျော့ညံ့ချက် ငါ့မှာကြုံရဆုံရတဲ့ ဘုံဘ၀အခက်အခဲ ဆိုပါစို့ ငါ့ဖြစ်အင် ငါ့စိတ်နဲ့နှိုင်းပြီးကြည့်ရင် မင်းတို့တွေက နိုးပလော်ပလင်ပဲ ပျင်းတောင်ပျင်းသေးတယ်ဟေ့ပဲ ဒါပေမယ့်ငါနားလည်ရုံနဲ့တော့မင်းတို့ကိစ္စကမပြီးဘူးငါကငါ့အစ်ကိုဒင်ပရယ်ရှင်မီးခိုးတွေအူထွက်နေတာနဲ့ထွက်ရတဲ့အကြောင်းအရင်းတွေ နားလည်ထားပေမယ့် မင်းအဖေနဲ့ မင်းမိန်းမက ညံ့ဖျင်းတဲ့ အိမ်ထောင်ဦးစီးလို့ နားလည်ထားတယ် ငါက ငါ့ညီရဲ့ ရိုးသားကြိုးစားခြင်းရောရိုးအနွားကျခြင်းကိုရောနားလည်ထားပေမယ့်မင်းအမေကမင်းရိုးသားကြိုးစားခြင်းပဲနားလည်ထားပြီးမင်းကောင်မလေးက မင်းရိုးအနွားကျခြင်းကို နားလည်ထားတယ် နားမှမလည်ဘဲ မင်းတို့အသိုင်းအ၀ိုင်း မင်းတို့ပတ်ဝန်းကျင်အတွက်ဆိုရင်တော့ မင်းတို့ဟာ ရှောင်သွေလွဲရမယ့်ကောင်တွေ ဖြစ်သွားပြီ ကိုယ်ဖြစ်ချင်တာတစ်ခုပဲ နားလည်တာကတော့ လူတွေရဲ့ဓလေ့လိုဖြစ်သွားပြီ မင်းတို့ အားကစားထူးချွန်တာကျ သူတို့နားလည်လား မင်းတို့ အိုင်ကျူလူတော်တွေမဟုတ်ပေမယ့် အီးကျူလူကောင်းတွေဆိုတာကျ သင်းတို့နားလည်မလား မင်းတို့မှာလည်း မင်းတို့(အရာရာနဲ့) အကြောင်းကြောင်းနဲ့ မင်းတို့ ရှိတယ်ဆိုတာ ဒင်းတို့နားလည်ပါ့မလားကွာ ဘယ်လိုကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်နေပစေ ငွေစွမ်းအင်မထွက်ဘူးဆိုရင် မင်းဟာက အလုပ်မဖြစ်ဘူး၊ မင်းဟာက အလုပ်မဟုတ်ဘူးလို့ မြို့ကျဉ်းကျဉ်းလေးကမြို့သားတွေ နားလည်ထားကြတာ မင်းတို့ထက်အရင် ငါက အထိနာထားပြီးပြီ ခဲအကြီးကြီးမှန်ထားပြီးပြီ အပြစ်တွေလျှောက်ဖို့ရင်တော့ ဘုရားသခင်တောင်ကျန်မှာမဟုတ်ဘူး သူရို့တရားပျက်ရင်လည်း ပျက်ပေါ့ကွာ အဲဒီ အပျက်အစီးပုံကြီးကြားမှာ ငါတို့ဘာလုပ်နိုင်လဲ ငါတို့ ‘ရွှေ’ ရအောင်ဘယ်လိုကျင်မလဲ မင်းတို့ဘောလုံးစကားနဲ့ဆို အချိန်ပိုအထိမျှော်လင့်ချက်ရှိတယ် မပျော့ဖို့ မပေါ့ဖို့ မလျော့ဖို့ လောက်တော့ လက်ရုံးရည်သမားမင်းတို့ကို နှလုံးရည်သမားငါက ပြောရင် ရယ်စရာဖြစ်ဦးမယ် ယူတိုပီးယားဖြစ်ဦးမယ် ညစ်မနေနဲ့ ငါ့အစ်ကို၊ လေမနေနဲ့ ငါ့ညီ ဒုက္ခတွေမျှဝေဖို့ ဒါမှမဟုတ် ရှောင်ရန်စံပြမှာ ထားဖို့ မင်းတို့ရှေ့မှာ ငါ ကဗျာဆရာကြီး တစ်ယောက်လုံး ရှိပါသေးတယ်။ ။

မောင်ယုပိုင်

No comments:

Post a Comment