Sunday, December 27, 2009

ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း

အစားအစာစားရင်း
အစားဟောင်းစွန့်ရင်း
ချာချာလည်ရင်း
မင်းတို့ငါတို့သည်လည်း
ပေါ့ပေါ့နေပေါ့ပေါ့စားလမ်းများဆီအလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား အိပ်ယာများဆီအလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား သင်တန်းများဆီအလုအယက်
မင်းတို့ငါတို့သည်လည်း
ဘာလုပ်ရမှန်းမသိမှောက်ချည်လှန်ချည်ဆိုတော့
အဆွေးသမားတစ်ယောက်ဖြစ်ဖို့ အမြဲအဆင့်သင့်ဖြစ်နေတဲ့
ရာသီဥတုမှာ ဆွေးပေါ့
ပထွေးနှိပ်စက်လို့ပါဆိုတဲ့ ကလေးမလောက်တောင်
ဈေးခေါ်လို့မကောင်းတော့ဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဆွေးပေါ့ အ၀တ်အထည်များနှင်အတူတကွ
ဆွေးပေါ့ စာချုပ်စာတမ်းများနှင့်အတူတကွ
ဆွေးပေါ့ နာရေးကြော်ငြာများနှင့်အတူတကွ
မင်းတို့ငါတို့သည်လည်း
စိုးစိတ်နှင့်ခပ်မဆိတ်
ဦးဆွေးဆံမြေ့သစ္စာစောင့်သိခဲ့ရတော့
အရိုးလည်းဆွေးပေါ့
ဆွေးလို့သေတဲ့မသာဆိုတာ မရှိသေးတော့
ဆွေးလို့သေတဲ့မသာရှိလာတဲ့အထိ အဆွေးကြီးဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဆွေးနေတဲ့သီချင်းများကို နားထောင်ရင်း
ဆွေးနေတဲ့ ကြမ်းများကို နင်းကြရင်း
ဆွေးနေတဲ့ ဓားများကို သွေးကြရင်း

ကြည်ဇော်အေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)

No comments:

Post a Comment