မြင်ရတဲ့မီးက မပူပဲ
မမြင်ရတဲ့မီးက ပြာအတိကျနေတယ်
ဝတ္ထုနာမည်က City of Joy
အင်္ကျီထဲကနံရိုးတွေ ရုန်းကန်ထွက်နေကြ
ငါတို့နဲ့သွားကြ ငါတို့နဲ့လာကြ
မြို့တွေဟာ ငါတို့နဲ့ အစာချက်ကြတယ်
ငါတို့လှမ်းမမြင်ရတဲ့ စစ်ပွဲတွေဆီက
နေရောင်ထဲ ကူးခတ်နေတဲ့ငါးတွေ
တစ်ခုပဲ ငါတို့မှာ
အပျော်တမ်းတိုက်ခတ်နေတဲ့လေများ ရှိနေသေး
တစ်ခုပဲ ငါတို့မှာ
အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လမ်းကလေးများ ရှိနေသေး
တစ်ခုပဲ ငါတို့မှာ
ဘိုးစဉ်ဘောင်ဆက် စွဲလန်းခဲ့တဲ့ အိမ်အိုကလေး ရှိနေသေး
ကျေးဇူးတင်ပါရဲ့
ဖယောင်းတိုင် မီးအလင်းအောက်
ငါ့ထမင်းလုပ် လုစားပျော်ပါးနေတဲ့သမီး
ငါ့ပုခုံးပေါ်ခွစီး
ငါ့ကို မြင်းလုပ်ပျော်ပါးနေတဲ့သား ရှိနေသေး
ကျေးဇူးတင်ပါရဲ့
မိန်းမရဲ့
ညမှာ မင်းကပုံပြင်တွေလှန်းလို့
ဘုရားမှာ ဆီမီးတွေဆမ်းလို့
ငါ့အိမ်အပြန်လမ်းကို မင်းမျက်လုံးများနဲ့ ထွန်းညှိလို့
ငါက
ကျိုးပဲ့သွားတဲ့အတောင်ပံတစ်စုံကို
ကျောက်ဆောင်အောက်ဝှက်လို့
မသေမရှင်ဖြစ်နေတဲ့ နေ့တစ်နေ့ကို ထမ်းလို့
ညစဉ်ညတိုင်း
ချည်တိုင်ဆီအမိအရပြန်လို့၊လျှို့ဝှက်စွာ
ကိုယ့်အသက်ကိုယ်မွေး၊လျှို့ဝှက်စွာ
ကမ္ဘာကြီးရဲ့သွားကြိုသွားကြားမှာ ငါတို့ရအောင်ပျော်ခဲ့ကြ။
ခရမ်းပြာထက်လူ
ချယ်ရီမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၈
Sunday, January 3, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment